Monday, August 20, 2012

စာသင်ခန်းဟာသများ


ဘယ်မှမသွားတဲ့မျက်နှာ
ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။
``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´
``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´
-
ကတ်သီးကတ်သပ်
ဆရာဝန်က အန်ဒီလေးကို စမ်းသပ်အပြီးမှာ ပြောတယ်။
ဆရာဝန် - မင်းက ဘာမှဖြစ်တာမဟုတ်ပါဘူး။ အပျင်းလွန်တာလေးသက်သက်ပါ။
အန်ဒီ - အဲဒါကို ဆေးပညာသုံးဝေါဟာရနဲ့ ဘယ်လိုခေါ်သလဲဆိုတာ ပြောလိုက်ပါ ဆရာ။ ဒါမှ ကျွန်တော် ဆရာမကို ပြန်ပြောပြီး ခွင့်တိုင်နိုင်မှာမို့လို့ပါ။
-
သူ့မနော
မကြာခင်ထွက်မယ့် လေ့လာရေးခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် အတန်း ခေါင်းဆောင်တွေနဲ့ ဆရာတွေ တိုင်ပင်ဆွေးနွေးနေကြတယ်။
``ကျောင်းသားတစ်ယောက်ယောက်များ မတော်တဆ လှေပေါ်က ပြုတ်ကျသွားရင် ဘာလုပ်မလဲ´´
ဆရာကြီးက မေးလိုက်တယ်။ ဖရက်ဒီက မဆိုင်းမတွဘဲ…
``အော်ပြီး ချက်ချင်း လှေကို ရပ်ခိုင်းပါမယ်´´
ဆရာကြီး ကျေနပ်သွားတယ်။
``ဟုတ်ပြီ၊ တကယ်လို့ ဆရာတွေထဲက တစ်ယောက်ယောက်များ ပြုတ်ကျရင်ရော´´
``ဟို… ဘယ်တစ်ယောက်လဲဟင်´´

-
အလေးသာတဲ့ဘက်
ကျောင်းသားသုံးယောက်ဟာ နေသာတဲ့ နေ့ခင်းတစ်ခုမှာ ကျောင်းကနေ အိမ်ပြန်လာကြတယ်။
``ငါတို့ ဘာလုပ်ရင် ကောင်းမလဲ´´
တစ်ယောက်က မေးလိုက်တယ်။
``ခေါင်းပန်းလှန်ကြည့်ကြတာပေါ့´´တဲ့။
ကျန်တဲ့တစ်ယောက်က အကြံပြုတယ်။
``ခေါင်းကျရင်… ငါတို့ ဘောလုံးသွားကန်မယ်။ ပန်းကျရင်တော့… ရေသွားကူးကြမယ်´´
``ဒီအကြံကောင်းတယ်။ တကယ်လို့ ပိုက်ဆံက ပစ်လိုက်တဲ့အခါ တည့်တည့်သွား ထောင်နေရင်တော့ ငါတို့ အိမ်ပြန်ပြီး စာမေးပွဲအတွက် စာကျက်ကြတာပေါ့´´
-
အကြောင်းသိပြီးသား
ဓာတုဗေဒဆရာမက အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ်။
သူဟာ အက်ဆစ်ထည့်ထားတဲ့ခွက်ကို ယူလိုက်ပြီး သူ့လက်က လက်စွပ်ကိုပါ ချွတ်လိုက်တယ်။
``အခု ဆရာမ လက်စွပ်ကို အက်ဆစ်ထဲ ထည့်လိုက်မယ်။ လက်စွပ်ဟာ အက်ဆစ်ထဲမှာ ပျော်ဝင်သွားမှာလား´´
``မပျော်ဝင်နိုင်ပါဘူး ဆရာမ´´တဲ့။
ဘာတီက သွက်သွက်လက်လက်ဖြေတယ်။
``ဟုတ်တယ်… မင်းဘယ်လို သိသလဲကွယ့် ဘာတီ´´
``ပျော်ဝင်နိုင်မှဖြင့် လက်စွပ်ကို အက်ဆစ်ခွက်ထဲ ဆရာမ ဘယ်ထည့်လိမ့်မလဲ´´
-
သူသိတာက
ဆရာမ - အိန်ဂျလာ.. ဆရာမကို တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြပါ။
အိန်ဂျလာ - ဟုတ်ကဲ့.. ဆရာမ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။
ဆရာမ - တော်လိုက်တာ၊ တစ်ဆယ်ပြီးရင်ရော ဘာဆက်လာသေးလဲ။
အိန်ဂျလာ - ဂျက်၊ ကွင်း၊ ကင်း။
-
တူသလိုလိုပဲ
ဒါရန့်ရုပ်ရည်က ကြည့်ရ နည်းနည်းဆိုးပါတယ်။
သူဟာ သူ့သူငယ်ချင်း အသစ်ဖြစ်တဲ့ ရှရွန်ကို သူ ကျောင်းပိတ်ရက် ခရီးထွက်တုန်းက ဓာတ်ပုံတွေ ပြနေတယ်။
သူ့ပြတဲ့ပုံက ပင်လယ်ကမ်းခြေမှာ မြင်းစီးရင်း ရိုက်ထားတဲ့ပုံပါ။
ရှရွန် - ဒါ… မင်းပုံလား။
ဒါရန် - ဟုတ်တယ်လေ။
ရှရွန် - ဟင်… မင်းကျောပေါ်က ဘယ်သူလဲ။
-
ပြောမိတာ မှားပါတယ်
တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။
``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´
ကျောင်းသားက ပျာပျာသလဲနဲ့…
``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။
တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း
``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´
တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…
``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´
တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။
``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´
-
သူမြန်ပုံက
ကျောင်းမှာ ကျောင်းသားလေး သုံးယောက်ဟာ သူတို့ အဖေတွေရဲ့ အပြေးမြန်ပုံကို အပြန်အလှန် ပြောရင်း ကြွားနေကြတယ်။
ပထမကျောင်းသားလေးရဲ့ အဖေက မြားပစ်သမား ဖြစ်ပါတယ်။
ပထမကျောင်းသား - ငါ့အဖေက အပြေးသိပ်မြန်တာကွ၊ သူ့လေးနဲ့ ပစ်မှတ်ကို ပစ်လိုက်ပြီး ပစ်မှတ်ဆီ မြား မရောက်ခင် သူက အရင်ရောက်အောင် ပြေးသွားနိုင်တယ်ကွ။
ဒုတိယကျောင်းသားလေးရဲ့ အဖေဟာ ရထားမောင်းတဲ့သူပါ။
ဒုတိယကျောင်းသား - ဒါလောက်များကွာ၊ ငါ့အဖေဆို ရထားမောင်းနေရင်း ရထားပေါ်က ခုန်ချပြီး ဆင်းပြေးတာ ရ
ထား ရောက်မလာခင် နာရီဝက်လောက်အလိုကတည်းက ဘူတာ ကြိုရောက်နေတာကွ။
တတိယကျောင်းသားလေးရဲ့ အဖေကျတော့ ရုံးဝန်ထမ်းပါ။ သူကလည်း အားကျမခံပါပဲ။
တတိယကျောင်းသား - မင်းတို့ မဟုတ်တာတွေ ပြောပြီး လာမကြွားနဲ့ကွာ။ ငါ့ အဖေကမှ တကယ်မြန်တာ၊
ငါ့အဖေရဲ့ ရုံးဆင်းချိန်က ညနေ ၅ နာရီ ပေမယ့် နေ့တိုင်း ၄ နာရီ ၁၅ မိနစ်လောက်ဆို အိမ်ပြန်ရောက်နေရောကွ။
-
မဖြစ်နိုင်ဘူးထင်တယ်
ဆရာတစ်ယောက်ဟာ တပည့်တွေကို လူဦးရေ တိုးပွားနှုန်းအကြောင်း သင်ကြားပို့ချနေတယ်။
ဆရာ - ကမ္ဘာပေါ်မှာ တရုတ်ပြည်ဟာ လူဦးရေ တိုးပွားနှုန်း အများဆုံးပဲကွ။
တရုတ်ပြည်ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ ဘယ်လောက်မြန်သလဲဆိုရင် တရုတ်ပြည်က လူတွေကိုသာ လေးယောက်စီ တန်းစီပြီး
တောင်တစ်တောင်ကို ကျော်ခိုင်းရင် အဲဒီ လူတန်းကြီးဟာ ဘယ်တော့မှ ဆုံးမှာကို မဟုတ်ဘူး။
ပို့ချချက်အဆုံးမှာ အတန်းရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဆမ်ဟာ ဆရာပြောသွားတာကို နားမလည်သလို ပြူးကြောင်ကြောင် ကြည့်တယ်။ ဒါနဲ့ ဆရာလည်း သူ့စကားကို ထပ်ရှင်းရတာပေါ့။
ဆရာ - ဒီလိုလေကွာ၊ သူတို့ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ သူတို့ တောင်ပေါ်တက်သွား နိုင်တာထက်တောင် မြန်နေသေးတယ်ကွ။
လူတစ်တန်း တောင်ပေါ် တက်သွားချိန် လောက်မှာပဲ နောက်ထပ် လူတစ်တန်းက ထပ်ဖြစ်(ထပ်မွေးဖွား)နေပြီ။
ဒီအထိလည်း ဆမ်က ပြူးကြောင်ကြောင် ဆက်ကြည့်နေတုန်းပါပဲ။ စိတ်မရှည်တော့တဲ့ ဆရာက ဆမ့်ကို လက်ညှိုးထိုးပြီး လှမ်းမေးလိုက်တယ်။
ဆရာ - မင်းက ဘာကြည့်နေတာလဲ ဆမ်။ ဆရာပြောတာကို နားမလည်ဘူးလား။
ဆမ် - ဟို… သူတို့ တောင်ပေါ် ဖြတ်သွားနေကြချိန်မှာ လူဦးရေတိုးပွားဖို့ကိစ္စတွေ အတွက် အချိန်မှ ရပါ့မလားဟင်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...